“အခုအချိန်ထိတော့ အလွန် အပြုသဘောဆန်တဲ့ ခြေလှမ်းတွေ (Very Positive Step)၊ အပြုသဘောဆောင်တဲ့ လက္ခဏာ (Posi-tive Gesture)တွေ မြင်တွေ့နေရပါပြီ။ ဒါ့ကြောင့်မို့ ကျွန်တော်တို့(အမေရိကန်အစိုးရ)က ဘယ်လို ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာကို စတင်စဉ်းစားနေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို မြင်တွေ့ရဖို့လိုပါတယ်”
Posted on Nov 08 11 - 04:15 PM | Hits : 491
မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများတွင် အလွန်ပင် အပြုသဘောဆောင်သော ခြေလှမ်းများ ကို မြင်တွေ့နေရသောကြောင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် လိုက်လျောညီထွေစွာ ဆက်ဆံနိုင်ရေးအတွက် စတင်စဉ်းစားနေပြီဖြစ်ကြောင်း အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ရှဲလ် ကပြောကြားသည်။
“အခုအချိန်ထိတော့ အလွန် အပြုသဘောဆန်တဲ့ ခြေလှမ်းတွေ (Very Positive Step)၊ အပြုသဘောဆောင်တဲ့ လက္ခဏာ (Posi-tive Gesture)တွေ မြင်တွေ့နေရပါပြီ။ ဒါ့ကြောင့်မို့ ကျွန်တော်တို့(အမေရိကန်အစိုးရ)က ဘယ်လို ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာကို စတင်စဉ်းစားနေပါပြီ။ စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေကို မြင်တွေ့ရဖို့လိုပါတယ်။ မြန်မာနိုင်ငံအပေါ် ကန့်သတ်ချက်တွေကိုလည်း အခုကတည်းက စတင်လျှော့ချလာခဲ့ပါပြီ။ ဥပမာ ခရီးသွားလာမှုမျိုးပေါ့။ အဲဒီ့တော့ ကျွန်တော်တို့ဘက်ကလည်း စတင်လှုပ်ရှားနေပါပြီ”ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရန်အတွက် မည်ကဲ့သို့သော လိုအပ်ချက်များရှိနေပါသလဲဟု နိုဝင်ဘာ ၄ ရက်ညနေပိုင်းက 7Day News ၏ မေးမြန်းမှုကို ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်အစိုးရက ယခင် မြန်မာအစိုးရအရာရှိများ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပါက ကုလသမဂ္ဂဌာနချုပ်၏ ကန့်သတ်မိုင်အတွင်းသာ ခရီးသွားလာခွင့်ပြုခဲ့သည်။ ယခုအခါ ထိုကန့်သတ်ချက်ကို ဖြေလျှော့လိုက်ပြီ ဖြစ်သည်။ ဆက်လက်၍ မြန်မာနိုင်ငံအပေါ် ပေးအပ်နေသော အကူအညီများကို တိုးမြှင့်ပေးရန်အတွက်လည်း ဆွေးနွေးနေပြီ ဖြစ်သည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကို အာရုံမထားဘဲ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ပါက အမေရိကန်အစိုးရမှ ပူးပေါင်းကူညီမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို အမေရိကန်လွှတ်တော်အမတ်များ သိရှိရန် သက်သေပြနိုင်ရန်လိုပြီး၊ မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အမေရိကန်အစိုးရက အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဒဲရက်မစ်ရှဲလ်က ဆက်လက်ပြောသည်။
အမေရိကန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အနီးကပ်စောင့်ကြည့်ရာတွင် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများအတွက် ပြည်သူများ၏ တုံ့ ပြန်မှုများကိုလည်း စောင့်ကြည့်သွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ အစိုးရအပေါ်အမြင်နှင့် တုံ့ပြန်မှုများမှာလည်း အရေးပါကြောင်း ၎င်းကပြောသည်။
“စီးပွားရေးအရ ပိတ်ဆို့မှုတွေက ဘာလဲဆိုတာ စားပွဲပေါ်မှာချပြထားပါတယ်။ ကျွန်တော်တို့ကလည်း ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့နေပါတယ်။ ပိတ်ဆို့အရေးယူမှုက အမေရိကန်ဥပဒေသဖြစ်ပါတယ်။ ကျွန်တော်တို့က ကွန်ဂရက်လွှတ်တော်မှာ ဆွေးနွေးကြပါမယ်။ သူတို့ (အမေရိကန် လွှတ်တော်အမတ်များ)ကလည်း ဒီပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့ဖို့လိုပါတယ်။ သူတို့က စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ( Reform၊ Evidence of Genuine Reform)ကို မြင်တွေ့ဖို့လိုပါတယ်။ ခံစားနိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ဒီအဆင့်တွေကို ကျော်လွှားသွားနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အနီးကပ် စောင့်ကြည့်သွားမှာပါ။ အစိုးရရဲ့ ပြုမူချက်တွေကို ပြည်သူတွေကတုံ့ပြန်မယ်။ ပြည်သူတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလည်း ကျွန်တော်တို့စောင့်ကြည့် သွားမယ်”ဟု ဒဲရက်မစ်ရှဲလ်က ပြောကြားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်အထိ တတိယအကြိမ်မြောက် လာရောက်ခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်းတွင် ပထမအကြိမ်၊ အောက်တိုဘာ ၂၄၊ ၂၅ ရက်တွင် ဒုတိယအကြိမ်လာရောက်ခဲ့သည်။
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို ၁၉၉၇ ခုနှစ်မှ စတင်ချမှတ်လာပြီး ၂၀၀၃ခုနှစ်တွင် ထပ်မံတိုးမြှင့် အရေးယူခဲ့သည်။ အိုဘားမား အစိုးရလက်ထက်တွင် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ကျင့်သုံးသောမူဝါဒ အနည်းငယ်ပြောင်းလဲခဲ့သည်။ စီးပွားရေးအရ ပိတ်ဆို့မှုများကို ဆက်လက်ထားရှိပြီး တစ်ဖက်တွင်လည်း မြန်မာအစိုးရနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံလာခြင်းဖြစ်သည်။
7Day News Journal

0 Tongkum :
Post a Comment