အာရပ်နွေဦးနဲ့မြန်မာနိုင်ငံအပြောင်းအလဲမပတ်သတ်ဘူးလို့ ဦးသိန်းစိန်က ပြောကြား
DVB TV News
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်ခဲ့တာဟာ အာရပ်နွေဦးလို့ ခေါ်တဲ့ အာရပ်ကမ္ဘာက အာဏာရှင် အစိုးရဖြုတ်ချတဲ့ လူထုအုံကြွမှုတွေနဲ့ မပတ်သတ်ဘူးလို့ မြန်မာသမ္မတ ဦးသိန်းစိန်က နယူးယောက်တိုင်း သတင်းဌာန ကို ပြောကြားလိုက်ပါတယ်။ ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒအရ ပြောင်းလဲတာဖြစ်ပြီး အန္တရာယ် နည်းအောင် ဖြည်းဖြည်းချင်းပြောင်းလဲခဲ့တာလို့ ဦးသိန်းစိန်က ဆိုပါတယ်၊ ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်အပ်ရတာဖြစ်လို့ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းနိုင်တယ်ဆိုတာလည်း မမှန်ဘူးလို့ သူက ဆိုပါတယ်။ ဒ့ါအပြင် လွတ်တော်ထဲက စစ်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဟာလည်း အခြေအနေ ပြောင်းလဲလာရင် တဖြည်းဖြည်းချင်း လွှတ်တော်ထဲကနေ ထွက်ခွာသွားမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က ပြော ကြားခဲ့ပါတယ်။
စစ်အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ထောင်နဲ့ချီတဲ့နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချခဲ့တဲ့ အပေါ် ၀မ်းနည်းကြောင်း တရားဝင်ပြောဆိုဖို့ သမ္မတဦးသိန်းစိန်က ငြင်းဆန်လိုက်ပါတယ်။ ဘီဘီစီကမ္ဘာတလွှားဌာန ကြီးရဲ့ နာမည်ကြီး Hard Talk အစီအစဉ်နဲ့ မေးမြန်းခန်းမှာ ဦးသိန်းစိန်က ဒါဟာ နိုင်ငံအတော်များများမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ကိစ္စသာဖြစ်ပြီး၊ သူနဲ့စစ်အစိုးရက တိုင်းပြည်အတွက် မှန်တယ်ထင်တဲ့ လုပ်ရပ်ကို လုပ်ခဲ့တာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမှန်တယ်ထင်တာကို လုပ်ခဲ့တာသာဖြစ်ကြောင်း ခုခံပြောဆိုသွားပါတယ်၊ အဲဒီ့နောက်ဆက်ပြိး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူနဲ့လွှတ်တော်က သမ္မတအဖြစ် ရွေးချယ်မယ်ဆိုရင် သူ့အနေနဲ့ လက်ခံဖို့ အဆင့်သင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်လို့မရအောင် ဖွဲ့စည်းပုံမှာ ကန့်သတ်ထားတဲ့ ကိစ္စကတော့ သူတယောက်တည်းသဘောနဲ့ ပြောင်းလဲလို့ မရကြောင်းလည်း ဥိးသိန်းစိန်က ပြောကြားသွားပါတယ်။

0 Tongkum :
Post a Comment